Wednesday, November 6, 2013

Miss Universe 2013 Preliminary Competition'' ပြိုင်ပွဲတွင် ညနေခင်းဝတ်စုံ၊ ရေကူးဝတ်စုံတို့ဖြင့် မြန်မာအလှမယ်မိုးစက်ဝိုင် ပါဝင်ယှဉ်ပြိုင်


7 Nov 2013

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ် ကျင်းပလျှက်ရှိသည့် 'Miss Universe 2013 Preliminary Competition ပြိုင်ပွဲတွင်မြန်မာအလှမယ်  မိုးစက်ဝိုင်သည်လည်းပြိုင်ပွဲဝင်၈၆ဦး အနက်တစ်ဦးအဖြစ်ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် မြန်မာအလှမယ် မိုးစက်ဝိုင်သည် ညနေခင်း ၀တ်စုံနှင့်
  ရေကူးဝတ်စုံတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 အဆိုပါပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအပြင် ညနေခင်းဝတ်စုံဖြင့် လျှောက်လှမ်းယှဉ်ပြိုင်ရပြီး အဆိုပါ ယှဉ်ပြိုင်မှုတွင် ပြိုင်ပွဲဝင် ၈၆ ဦးကမိမိတို့၏ အမည်၊ မွေးဖွားရာနေရာနှင့် နိုင်ငံအမည် များကို ပြောဆို မိတ်ဆက်သည့်အစီအစဉ်လည်းပါဝင်ခဲ့သည်ဟုသိရှိရကာမြန်မာအလှမယ်မိုးစက်ဝိုင် ၀တ်ဆင်ယှဉ်ပြိုင် ခဲ့သည့် အနီရောင် ညနေခင်းဝတ်စုံကို ဒီဇီုင်နာ မိုးကုတ်ပေါက်ပေါက်က ဖန်တီးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 "မနေ့ကလုပ်ခဲ့တဲ့ပြိုင်ပွဲကအရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုလို့ပြောလို့ရပါတယ်။ အဓိကတော့ ပြိုင်ပွဲဝင်အားလုံးကို ညနေခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်စေပြီး တစ်ဦးချင်းမိတ်ဆက်တဲ့ အစီအစဉ်ကို ပြုလုပ်တာပါ။ တစ်ဦးချင်းရဲ့ စင်မြင့် ပါဖောမန့်စ်၊စကားပြောဆိုဟန်၊သွက်လက်ဖျက်လတ်မှုစတာတွေကိုအမှတ်ပေး ရွေးချယ်တာပါ။ မြန်မာအလှ မယ်ကလည်း ပြိုင်ပွဲဝင်အလှမယ်တွေထဲမှာ ထင်ရှားတဲ့ အလှမယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်" ဟု Miss Universe Myanmar Organization Media Department မှ ကိုချမ်းလင်းသူက ရှင်းပြခဲ့ပါသည်။ 

 ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်တွင်လည်း အလှမယ်များသည် မိမိတို့နိုင်ငံ ကိုယ်စားပြု ရိုးရာဝတ်စုံများကို အသီးသီး ၀တ်ဆင်ပြသ ပြိုင်ပွဲဝင်ခဲ့ကြရပြီး မြန်မာအလှမယ် မိုးစက်ဝိုင်က ဒီဇိုင်နာတိုးတိုး (Cover Mark) ဖန်တီးထားသည့် မြန်မာ့ရိုးရာဝတ်စုံကို ၀တ်ဆင် ပြသခဲ့ကြောင်း သိရသည်။ Miss Universe 2013 ၂၀၁၃ ဖိုင်နယ်ပြိုင်ပွဲကို ရုရှားနိုင်ငံတွင် နိုဝင်ဘာ ၉ ရက်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၈၆ ဦးကပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။မြန်မာကိုယ်စားပြုအနေဖြင့်အလှမယ်မိုးစက်ဝိုင်ကပါဝင်ယှဉ်ပြိုင်လျက်ရှိကာ နှစ်ပေါင်း ငါးဆယ်ကာလအတွင်း မြန်မာနိုင်ငံမှပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်သည်ဟုသိရှိရသည်။   မြန်မာအလှမယ်အနေဖြင့်ရေပန်းအစားဆုံးအလှမယ်များစာရင်းတွင်ပါဝင်လျှက်ရှိကြောင်းလည်းသိရှိရသည်။ 
 Eleven Media Group

No comments:

Post a Comment