19 August 2014
မြန်မာပြည်အတွင်းမှ ကျွဲ၊ နွား များအား တရုတ်ပြည်သို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့် တင်ပို့နေပုံများအား ဂျာနယ်များ၊ စာစောင်များတွင်၊ အင်တာနက် လူမှုကွန်ယက်များမှ တစ်သွယ် အချို့သော လွှတ်တော် အမတ်မင်းများက တားဆီးပေးရန် ၊ အရေးယူပေးရန် မကြာခဏ ပြောဆိုရေးသားထားသည်များကို ဖတ်ရှု ကြရပါသည်။
အချို့ စာများတွင် တာဝန်ရှိသူများများမှ မသိကျေးကျွန်ပြုနေသည်ဟု ရေးသားဖော်ပြထားသည်များ ကိုလည်း တွေ့ရပါသည်။ယခုကဲ့သို့ လုပ်ရပ်များကြောင့် မည်သူတွေ အကျိုးအမြတ် မည်မျှ ရရှိနေ သည်မသိ၊ ကြားထဲမှ ရတက်မအေးဖြစ်ရသည်မှာ ကျွန်တော်တို့ ဒေသခံ ရွာသားများပင် ဖြစ်သည်။
မှောင်ခိုပို့သော ကျွဲ၊ နွား များ၏ နောက်တွင် လက်နက်ကိုင်သောင်းကျန်းသူများ ပါရှိတတ်ပြီးရွာသို့ရောက်ပါက ၄င်းတို့အားချက်ပြုတ် ကျွေးမွေးရသည့်အပြင်
၎င်းသောင်းကျန်းသူများမှ ဆက်ကြေး ကောက်ခံမှု များပါ ပြုလုပ်တတ်သေးသည်။
၎င်းဒုက္ခများခံစားရသော ရွာသားများတွင် ကျွန်တော်တို့ တိန်ခမ်း ရွာလည်း ပါဝင်ပါသည်။
ကျွန်တော်တိန်ခမ်းရွာသည် တော်ကြိုအုံကြားရွာလေးမဟုတ်ပါ။ သီပေါမြို့နှင့် ၁၀ မိုင်အကွာ ပြည်ထောင်စု လမ်းမကြီးနှင့် ၃ မိုင်အကွာတွင် တည်ရှိနေသော ရွာလေးတစ်ရွာဖြစ်ပါသည်။
ကျွန်တော်တို့ရွာတွင် လတ်တလော ဖြစ်ပျက်နေမှုများအား ဖော်ပြချင်ပါသည်။ ၂၀၁၄ သြဂုတ်လ ၁၆နေ့ နေ့လည် ၁၂ ကျော်တွင် ကျေးရွာအတွင်းသို့ နွားအကောင် ၅၀ နှင့်အတူ SSA (ရွက်ဆစ်)အဖွဲ့မှ အရပ်ဝတ် ၀တ်ဆင်ထားသော လက်နက်ကိုင် ၁၅ ဦး ရောက်ရှိလာပြီး ကေျးရွာလူကြီးအား ခေါ်ကာ တပ်မတော်စစ်ကြောင်း အသွားအလာရှိနေ၍ နွားများအား ကျေးရွာတွင် ၀ှက်ထားပေးရန် ၄င်းတို့ ရောက်ရှိမှု အား သတင်းမပေါက်ကြားစေရန် ပြောပြီး လူစုခွဲကာ ခြေရာဖြောက်နေကြသည်။
နေ့လည် ၂ နာရီတွင် တပ်မတော် စစ်ကြောင်း ရောက်လာပြီး စစ်ကြောင်းနှင့်အတူ လူစုခွဲသွားသော SSA(ရွက်ဆစ်) အဖွဲ့မှ ၃ ဦး အဖမ်းခံရပြီး ၄င်းတို့ ၀ှက်ထားသော နွားများအား လိုက်လံ ပြသနေတာကို ကျွန်တော် တွေ့ရတယ်။ နေ့လည် ၃ နာရီမှာတော့ နွား များနဲ့ ပြန်ထွက်သွားတာကိုတွေ့ရတယ်။
တပ်မတော် စစ်ကြောင်းထွက်သွားပြီး မကြာမီ SSA(ရွက်ဆစ်)အဖွဲ့ ခေါင်းဆောင်ဆိုသူ ပြန်လည် ရောက်ရှိလာပြီး နွားအပ်ထားသော အိမ်ပိုင်ရှင်များအား နွားပေးလိုက်သဖြင့် ဆူပူ ကြိမ်းမောင်းကာ သီပေါရှိ လွှတ်တော် ကိုယ်စားလှယ်ထံ တပ်မတော် စစ်ကြောင်းမှ ကျေးရွာအား လာရောက်မီးရှို့ မည်ဟု ခြိမ်းခြောက် သွားကြောင်း အကြောင်းကြားစေခိုင်းသည်ကိုလည်း တွေ့ရပါသည်။
ကျွန်တော် သည် တိန်းခမ်းရွာသားဖြစ်သော်လည်း သီပေါမြို့တွင် နေထိုင်သည့်အချိန်က ပိုများပါသည်။သို့ သော် ရွာသို့ ခေတ္တပြန်လာစဉ် ကျွန်တော် မျက်ဝါးထင်ထင်တွေ့မြင်ရသော မြင်ကွင်းများမှာ ဘ၀င်မကျစရာ ဖြစ်ခဲ့ပါသည်။
ရိုးသားသော ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများအတွက် လက်နက် အားကိုး၍ နိုင်ထက် စီးနင်းပြုလုပ်နေမှု၊ SSA (ရွက်ဆစ်)အဖွဲ့၏ ကျွဲ၊ နွား မှောင်ခို ရောင်းဝယ်မှုနှင့် ပါဝင်ပတ်သက်နေမှု၊ ၄င်းတို့ အကျိုးစီးပွား ပျက်မှုကြောင့် တစ်ဖက်သား သိက္ခာညိုးနွမ်းအောင် လုပ်ဇာတ်ခင်း ပေးပို့မှုတို့အား ရှက်ဖွယ် သိရှိခဲ့ရပါသည်။
ကျွန်တော်တို့ ရွာသားများမှ SSA(၀မ်ဟိုင်း)၊ ရွက်ဆစ် အဖွဲ့များ၏ ဥပဒေမဲ့ လုပ်ရပ်များအား မကြာခဏ ပေးပို့ တင်ပြသော်လည်း အရေးမကြီး ``အဆို´´ အဖြစ် မှတ်ယူထားသော အမတ်မင်းမှ လွှတ်တော်တွင် မည်ကဲ့သို့ မဟုတ်မဟတ် လုပ်ဇာတ်ခင်းမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။
သီပေါ ဒေသခံများ
No comments:
Post a Comment