Friday, February 5, 2016

နေအိမ်ဆောက်လုပ်ရန် သစ်/၀ါးခုတ်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်း အကြပ်ကောက်ခံ

၂၀၁၆ ဖေဖော်ဝါရီ ၅


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ၀က်ငင်းကျေးရွာအနီး တောထဲ၌ နေအိမ်ဆောက်လုပ်ရန် သစ်/၀ါး ခုတ်နေသူ ၅ ဦးအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ သွားကြောင်း ယင်းဒေသခံများထံမှသိရပါသည်။

မိုးမောက်မြို့နယ် ၊ ၀က်ငင်းကျေးရွာအနီးတစ်ဝိုက်သို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး နေအိမ်ဆောက်လုပ်ရန်အတွက် သစ်/၀ါးခုတ်နေသော ၀က်ငင်းကျေးရွာနေ ဒေ သခံ ၅ ဦးထံမှ တစ်ဦးလျှင် ငွေ ၃၀၀၀၀ ကျပ်နှုန်း ဆက်ကြေး ကောက်ခံပြီး အောင်မြင်သာကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း၊ ၎င်းအဖွဲ့သည် ဒေသခံများထံမှ အစိုးရစစ်ကြောင်းများ သတင်းစုံစမ်းရန် လှုပ်ရှားနေသော အဖွဲ့ ဖြစ်ပြီး သစ်/၀ါး ခုတ်နေသော ဒေသခံများတွေ့ရှိ၍ အတင်းအကြပ် ဆက်ကြေးကောက်ခံ သွားကြောင်း သစ်/၀ါး ခုတ်နေသူ တစ်ဦးမှ ပြောပြပါသည်။

“ သူတို့ကဘာလုပ်လုပ်ဆက်ကြေးလိုက်ကောက်နေတာ၊ အခုဟာက နေအိမ်ဆောက်ဖို့သစ်လေးဝါးလေး ခုတ်နေတာကို လာပြီးဆက်ကြေးကောက်သွားတယ်၊ သစ်ခုတ်နေပါတယ်ဆိုမှ ပိုက်ဆံကဘယ်လိုပါမလဲ၊ ပိုက်ဆံမပါလို့ တောင်းပန်လဲမရဘူး၊ အဲ့ဒါနဲ့ ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က ရွာပြန်ပိုက်ဆံသွား ယူပြီး ပေးရတယ်ဗျာ၊ သူတို့ကလက်နက်တွေနဲ့ဆိုတော့ ကျွန်တော်တို့လည်း ကြောက်တာပေါ့ဗျာ၊ ဒီကောင်တွေ အဖွဲ့က သိပ်ကြောက်ဖို့ကောင်းတယ်၊ တွေ့တာနဲ့ဆက်ကြေးကောက်မယ်၊ လူသစ်စုမယ်၊ ရိက္ခာတောင်းမယ်၊ သစ်ခိုးထုတ်မယ်၊ လူသတ်မယ်၊ ဒါတွေပဲတတ်တယ်၊ ကျွန်တော်တို့ဒေသခံ တိုင်းရင်းသားတွေအပေါ် ဘာမှကောင်းကျိုး ပေးတာမရှိဘူး ” ဟု ၀က်ငင်းရွာသားတစ်ဦးမှပြောပါသည်။

KIA အဖွဲ့သည်ဒေသခံရွာသားများအပြင် ထိုဒေသဖွံ့ဖြိုးမှုအတွက် လာရောက်လုပ်ကိုင်နေသော လုပ်ငန်းရှင် များကိုလည်း ဆက်ကြေးကောက်ခံမှုများ ရှိနေကြောင်း၊ လက်အောက်ခံ အဖွဲ့များအနေဖြင့် ကျေးရွာများအား ဆက်ကြေးငွေ အတင်းအကြပ်ကောက်ခံနေမှုများသည် ရပ်တန့်သွားခြင်းမရှိကြောင်း မိုးမောက်မြို့နယ်ရှိ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသွားသည်။
ကောင်းစံ‬(ဖားကန့်)

Credit >>> Kachin Daily News

No comments:

Post a Comment