3 May 2014
ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အောင်သပြေ(၁)ရပ်ကွက်နေ ဒေသခံများအား တပ်ဖွဲ့ဝင်ဟောင်း များဟု အကြောင်းပြကာ KIA မှ အေပြီလကုန်ပိုင်းမှစ၍ ဆက်တိုက်ဖမ်းဆီးနေမှုကြောင့် ဒေသခံလူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အေပြီ ၂၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မိုးညှင်းမြို့ အောင်သပြေ(၁) ရပ်ကွက်နေ ဦးနော်လာနှင့် ဦးဂွန်ဂျာအပါအ၀င်(၁၀)ဦးအားတပ်ဖွဲ့ဝင်ဟောင်းများဟုအကြောင်းပြကာKIAအဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွား
ခဲ့ပြီး နောက်ယခုတစ်ကြိမ်ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ကြောင်းရပ်ကွက်သူရပ်ကွက်သားများက ပြောသည်။
``ညအိပ်ကောင်းတဲ့အချိန် သူတို့က ၀င်ဖမ်းတာ၊ ဟိုတစ်နေ့က (၁၀)ယောက် ပါသွားတယ်။ မနေ့ကည တုန်းက လည်း နောက်ထပ် (၁၀)ယောက် ထပ်ပါသွားတယ်။ တပ်ဖွဲ့ဝင်ဟောင်းလို့ အကြောင်းပြီး ဖမ်းသွားတာပဲလေ၊ အချို့က တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်ပေမယ့် အများစုကတော့ ရိုးရိုးဒေသခံတွေပါ´´ ဟု ဦးဒွဲလာက ဆိုသည်။
KIA အဖွဲ့မှ တပ်ဖွဲ့ဝင်ဟောင်းဟု အကြောင်းပြပြီး ဖမ်းဆီးသွားသော ဒေသ ခံမှာ မလဖြစ်ပြီး သူနှင့်အတူ (၁၀)ဦး ခန့် ပါသွားကြောင်းနှင့် ထိုအထဲတွင် အရွယ်မရောက်သေးသော လူငယ်များပါဝင်ပြီးမိဘများမှာ စိုးရိမ် ပူပန်နေရကြောင်း သိရသည်။
``ကြားရတဲ့သတင်းတွေက မကောင်းဘူး၊ဖမ်းသွားတဲ့လူတွေကို ရှေ့တန်းမှာ ထားပြီး စစ်တိုက်ခိုင်းမယ်လို့ ပြောတယ်။
တပ်ဖွဲ့ဝင်ဟောင်းလို့သာပြောတာပါ၊ အချို့က ဒေသခံတိုင်းရင်းသားတွေချည်းပါပဲ၊ ဒါ့ကြောင့် လူငယ်တွေ လည်း KIA ဖမ်းတာခံရမှာကြောက်လို့ အခြားမြို့၊ ရွာတွေကို ထွက်ပြေးနေကြတယ်´´ ဟု ယင်း ရပ်ကွက်မှ ဒေါ်လုမိုင်က ပြောသည်။ထိုနည်းတူ အေပြီ၃၀ရက်နေ့တွင်ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ နှင့် ဘီဘရာကျေးရွာမှ ရွာသား(၇)ဦး အား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၀ိုင်းမော်မြို့ခံများထံမှ သိရသည်။
``ရွှေညောင်ပင်ရွာထဲကို မနက်တစ်နာရီလောက်မှာ KIA အဖွဲ့တွေ ၀င်လာတယ်၊ ရွာသား(၄)ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတယ်ပြောတယ်။ ရွှေညောင်ပင်ရွာနဲ့ အရှေ့တောင်ဘက် ၂ မိုင်လောက်အကွာ မှာ ဘီဘရာရွာထဲကိုလည်း KIA အဖွဲ့တွေဝင်လာပြီး ရွာသား(၃)ယောက်ကို ထပ်ဖမ်း သွားတယ်၊ အချို့ ရွာသားတွေဆိုရင် အဖမ်းခံရမှာစိုးလို့ ထွက်ပြေးကြတာ တစ်ရွာလုံးဆူညံနေတာပဲ လို့ ပြောတယ်´´ ဟု မြို့ခံတစ်ဦးက ပြောကြားသွားခဲ့သည်။
ဇော်မိုင်
No comments:
Post a Comment