Sunday, May 11, 2014

RCSS/SSA အဖွဲ့မှ ဆန်နှင့် ဆက်ကြေးငွေ တောင်းခံမှုအပေါ် ဒေသခံအချို့ မကျေနပ်

12 May 2014


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု၊ ၀မ်လောက်ကျေးရွာမှ ဒေသခံရွာသူရွာသား များအား ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့က မေ၈ရက်နေ့လယ် ၁၂ နာရီခန့်တွင် ဆန်နှင့် ဆက်ကြေးငွေများလာရောက် ကောက်ခံသွားကြောင်း
ယင်းဒေသခံ များထံမှ သိရသည်။
 ``မနေ့က နေ့ခင်း ၁၂ နာရီအရောက် ဘုန်းကြီးကျောင်းကိုလာဖို့ အုပ်ချုပ်ရေးမှူးက ခေါ်တယ်။ အလှူအတန်း ကိစ္စ အောက်မေ့ပြီး သွားကြ တာပေါ့၊ ဟိုရောက်တော့ တောထဲက အဖွဲ့တွေရောက်နေ တာ တွေ့တယ်´´ ဟု ရွာခံတစ်ဦးက ပြောသည်။ အဆိုပါကျေးရွာဘုန်းကြီးကျောင်း တွင် ရွာသူရွာသား များအား ခေါ်ကာ RCSS/SSA အဖွဲ့မှ ဆန်နှင့် ဆက်ကြေး ငွေများ တောင်းခံခဲ့ကြောင်း၊ ရွာသားအချို့မှာ ဘုန်းကြီးကျောင်းသို့ အလှူအတန်းကိစ္စအထင်ဖြင့် လာခဲ့ကြခြင်း ဖြစ်ရာ ယခုကဲ့သို့ လုပ်ရပ်ကို မကျေ မနပ်ဖြစ်နေကြကြောင်း သိရသည်။ 
 ``ငါတို့က ဘုန်းကြီးကျောင်းကိုခေါ်တော့ အလှူအတန်းကိစ္စ၊ ဒါမှမဟုတ် သာရေးနာရေးကိစ္စလို့ ထင်ခဲ့ကြ တာပေါ့၊ ဟိုရောက်တော့ ဆန်နဲ့ ဆက်ကြေးငွေ တောင်းတာဖြစ်နေတယ်´´ ဟု ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။ RCSS/SSA အဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် တပ်ဖွဲ့ရိက္ခာအဖြစ် ဆန် ၈ ပြည်နှုန်းနှင့် ဆက်ကြေးငွေအဖြစ် တစ်သောင်းကျပ်နှုန်းပေးရန် တောင်းခံ ခဲ့ကြောင်း သိရသည်။ 

ဧပြီလကုန်ပိုင်းကလည်း ကျိုင်းတုံ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံမှ ယန်းလောကျေးရွာအုပ်စုနှင့် လွယ်လုံ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး များအား ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကတ်ထိုက် နယ်မြေအတွင်း လှုပ်ရှားနေသော RCSS/SSA တပ်ဖွဲ့ဝင် များ အတွက် ကျေးရွာများမှ တစ်အိမ်ထောင်လျှင် ဆန်၈ ပြည်နှုန်း ကောက်ခံပေးရန်ခိုင်းစေခဲ့ကြောင်းမကျေနပ်သော ဒေသခံတစ်ဦးက ပြောကြားသွားခဲ့သည်။ ‪#‎စိုင်းအောင်ခမ်း‬

No comments:

Post a Comment