Wednesday, September 3, 2014

ပလောင်လူမျိုးများ ကောင်းစားရေး အကြောင်းပြ၍ လူနည်းစုကောင်းစားရေး ဥပဒေမဲ့ ပြုလုပ်နေသော TNLA

3 September 2014

TNLA အဖွဲ့များသည် ပလောင်လူမျိုးများ ကောင်းစားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများအား အကြောင်းပြ၍ ရှမ်းမြောက်ဒေသအတွင်း ဆက်ကြေးတောင်း လူသစ်စုဆောင်းခြင်းထက် လွန်ကဲ၍ ဥပဒေမဲ့ ဒေသခံ ပြည်သူများ၏ နေအိမ်များအတွင်း ၀င်ရောက်၍ ရွှေ၊ ငွေ ၊ လက်ဝတ် ရတနာများအား ယူဆောင်သွားသည့်အပြင် ရွာသားများအား အတင်းအဓမ္မ ဖမ်းဆီး ပြန်ပေးဆွဲမှုများပါ ကျူးလွန်နေကြောင်း သိရသည်။ 

TNLA ပလောင်အဖွဲ့တွေ သြဂုတ်လ ၃၁ ရက်နေ့က နမ့်ခမ်းမြို့နယ် ကုန်းကံ ရွာကိုရောက်လာတယ်။ အင်အားတော့ ၇၀ လောက် ရှိမယ်ထင်တယ်။ ရွာက ဦးဟုန်တီနေအိမ်ကို အတင်းဝင်ပြီး သားဖြစ်သူဘွမ်ဆီ
(၂၇)နှစ်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ နိုင်ထက်စီးနင်းလုပ်တယ်။ ပြီးတော့ ဦးဝမ်လောင်းအိမ်ကိုလည်း ၀င်ပြီး အိမ်ထဲမှာရှိတဲ့ ငွေကျပ် သိန်း ၁၀၀ ၊ ရွှေ ၄ ကျပ်သားနဲ့ ရိုးရာဝတ်စုံ မှာတပ်ဆင်သည့် ငွေပြား၁ပိသာ ကိုလည်းယူသွားတယ်။အိမ်ပိုင်ရှင်ဦးဝမ်းလောင်း(၅၅)နှစ်ကိုလည်းဖမ်းခေါ်သွားတယ်။ဒါ့အပြင်ဦးဝမ်ကျင်း   နေအိမ်မှလည်း ငွေကျပ် သိန်း ၃၀ ယူဆောင်ပြီး သားဖြစ်သူ ၀မ်ချိုက်ကျိုင်း (၂၀)နှစ် ကိုပါ ဖမ်းခေါ် သွားတယ် ဟုနမ့်ခမ်း မြို့ပေါ်ရောက် ကုန်းကံရွာသား တစ်ဦး ပြောပြချက်အရသိသည်။

TNLA အဖွဲ့သည် ကုန်းကံရွာမှ ပြန်လည်ထွက်ခွာစဉ် လမ်းတွင် တွေ့သော ရွာသား ၅ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။ ဦးဝမ်လောင်း၊ ဦးဘွမ်ဆီနှင့် ၀မ်ချိုက် ကျိုင်းတို့အား သိန်း ၃၀၀ ဖြင့် လာရောက်ရွေးယူရန် တရုတ်ဖုန်းနှင့် ဆက်သွယ်ပြောဆိုပြီး လာရောက်ရွေးယူခြင်း မရှိက သတ်ပစ်မည်ဟု ပြောဆိုခဲ့ကြောင်းလည်းသိရသည်။ 

ယခုကဲ့သို့ ဥပေဒမဲ့ လုပ်ရပ်များကာကွယ်တားဆီးပေးရန် ဒေသခံများမှ သက်ဆိုင်ရာ အဖွဲ့အစည်းများအား အကူအညီတောင်းခံထားကြောင်းလည်းသိရသည်။

No comments:

Post a Comment