Monday, September 1, 2014

ရွှေမန္တလာအဝေးပြေးယာဉ်တိုက်မှုတွင် လူတစ်ဦးသေဆုံး

2 September 2014

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်စက်တင်ဘာ(၁)ရက်နေ့နံနက်(၅း၃၀)နာရီဝန်းကျင်တွင်   ကျောက်မဲမြို့အဝင် မုခ်ဦးအနီး ရွှေမန္တလာအဝေးပြေးယာဉ်မှ ယဉ်တိုက်မှု ဖြစ်ပွားကာ ဆိုင်ကယ်ဖြင့် ဈေးရောင်းချသူ အမျိုးသမီးတစ်ဦးသေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 “လမ်းကြောတစ်ခုတည်းကနေလာနေရင်း ရုတ်တရက် ကားရှေ့ ကနေဖြတ်ကွေ့လိုက်တာ ကျွန်တော်တို့ ကားက ရှောင်ပေမယ့် မရတော့ဘူး။”ဟု ရွှေမန္တလာယာဉ်ပေါ်မှ ခရီးသည်တို့က ပြောသည်။ မန္တလေး-လားရှိုး
 လမ်းအတိုင်း ဖြတ်သန်းလာစဉ် ကျောက်မဲမြို့အဝင်လမ်းဆုံနေရာအရောက် ဈေးသည်ဆိုင်ကယ်မှကားရှေ့သို့ ရုတ်တရက်ဖြတ်ကွေ့ချိန် ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဖြစ်စဉ်အား မြင်တွေ့သူ မျက်မြင်တစ်ဦးက ပြောသည်။

 “အခင်းဖြစ်ချိန်ကမောင်းခဲ့တဲ့ယာဉ်မောင်းကို ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ခရီးသည်တွေ အဆင်ပြေဖို့ အတွက် လောလောဆယ်တော့ ဒုတိယဒရိုင်ဘာကို မောင်းသွားခိုင်းမှာပါ။ အရေးယူဖို့ လုပ်နေပါတယ်။”ဟု ဖြစ်ပွားရာနေရာမှယာဉ်စည်းကမ်းထိန်းသိမ်းရေးအရာရှိတစ်ဦးက ပြောသည်။ သေဆုံး သွားသူဈေးသည်အမျိုးသမီးမှာ ကျောက်မဲမြို့ လမ်းခွဲ အရပ်တွင်နေထိုင်သူ ဒေါ်နုရီ ဖြစ်ကြောင်းသိရပြီး ခန္တာကိုယ် အောက်ပိုင်းရှာမရလောက်အောင် ပျက်စီးသွားကြောင်း သိရသည်။

 အခင်းဖြစ်ပွားချိန်တွင် ယာဉ်နံပါတ် YGN-------- ဖြစ်သည့် ၎င်းအဝေးပြေး ယာဉ်ပေါ်ပါ ခရီးသည် အများ စုမှာ အိပ်ပျော်နေခဲ့ပြီး မည်သူမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းနှင့် ၎င်းအချိန်၌ ကားခေတ္တ ရပ်တန့် သည်ထင်၍ ချက်ချင်းပင် မသိကြကြောင်း ခရီးသည်တို့ကဆိုသည်။ “မြို့ကိုဖြတ်တဲ့လမ်းဆုံတွေ နားရောက်ရင် အဝေးပြေးကား တွေက ဟွန်းများများတီးသင့်တယ်” ဟု လာရောက်ကြည့် ရှုသူများထဲမှ အမျိုးသမီးတစ်ဦးကပြောသည်။

 ရွှေမန္တလာယာဉ်မှ ယာဉ်မောင်းအား ပ(၃၂) ၂၀၁၄ ပုဒ်မ ၃၀၄(ဃ) ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေဆုံးမှုဖြင့် ကျောက်မဲမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ယာဉ်အား ဒုတိယယာဉ်မောင်းမှ ဆက်လက်မောင်းနှင်သွားမည်ဖြစ်ကြောင်းသိရသည်။ Post By နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

No comments:

Post a Comment